Tuesday, June 4, 2024

နည်းနည်းတွန်းပေးမယ်နော်


အင်္ဂလိပ်စာသင်တန်းတွေမှာ အတော်များများကြုံဖူးကြမယ်လို့ထင်ပါတယ်။
စကားပြောလေ့ကျင့်ရတဲ့အချိန်တွေမှာ ပြောမထွက်တာ/ အ ထစ် အ ထစ်ဖြစ်တာ/ သူများတွေပြောနိုင်တာကို ကြည့်ပြီး စိတ်ဓာတ်ကျတာ စသဖြင့်ပေါ့။
 
အဲဒီခံစားချက်တွေမှာ ၅၀% က Language Fluency/ Skill Level နဲ့ ဆိုင်ပေမယ့် ကျန်တဲ့ ၅၀% ကတော့ အင်္ဂလိပ်လိုပြောတဲ့အလေ့အကျင့် လက်တွေ့မှာတစ်ခါမှ မကြုံဖူးသေးတဲ့သူ/ ဒါမှမဟုတ် အထိအတွေ့လုံလောက်အောင် မကြုံဖူးသေးတဲ့သူတိုင်းမှာ ဖြစ်ပေါ်ခံစားရတာတွေပါ။
 
ဒါပေမယ့် အဲဒီ ကနဦးစိတ်မသက်မသာဖြစ်မှုကို -

ခံစားချက်နောက်လိုက်ပြီး ရှောင်ပြေးသွားတဲ့သူရယ်၊
 
ရှေ့တိုးပြီးထပ်ခါထပ်ခါရင်ဆိုင်ကြည့် ဖြတ်သန်းကြည့်တဲ့သူရယ် ဆိုပြီး
 
နှစ်မျိုးကွဲသွားပါတယ်။

 
အဲဒီရွေးချယ်မှုကနေပဲ နောင်ဆက်ဖြစ်မယ့်လမ်းကြောင်းတွေကို သတ်မှတ်ပေးသွားတာပါ။ ဒီတော့ ကနဦးအဆင်မပြေရုံနဲ့ ရှောင်ပြေးသွားတဲ့သူ မဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။
 
သို့သော် ရှောင်မပြေးဖို့ဆိုတာကလည်း ထင်သလောက် လွယ်ကူတဲ့ကိစ္စ မဟုတ်တဲ့အတွက် တကယ်လို့များ ကိုယ်က ရှောင်ပြေးတတ်တဲ့သူဖြစ်နေတယ်ဆိုရင် အထောက်အကူရအောင် ဒီလိုလေးတွေးကြည့်စေချင်ပါတယ်။
 
ကိုယ့်အနေနဲ့ အင်္ဂလိပ်လိုပြောရမယ့်အချိန်မှာ ပြောမထွက်တာ/ အ ထစ် အ ထစ်ဖြစ်တာ/ ရှက်တာတွေကို အလုပ်ထဲမှာ၊ အစည်းအဝေးမှာ၊ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ ကြုံရ/ ဖြတ်သန်းရတာဆိုရင် ဘယ်လို အကျိုးအသက်ရောက်မှုတွေ ဆုံးရှုံးမှုတွေ ဖြစ်သွားမလဲ စဉ်းစားကြည့်ပါ။
Clients/Projects/Interviews တွေ ဆုံးရှုံးတာ၊ အလုပ်အကိုင်အခွင့်အရေးကောင်းတွေလက်လွှတ်လိုက်ရတာ စသဖြင့် negative consequences တွေ အများကြီးဖြစ်နိုင်တာတွေ့ရမှာပေါ့။
 
ပြီးရင် အဲဒီအလားတူ ပြောမထွက်တာ/ အ ထစ် အ ထစ်ဖြစ်တာ/ ရှက်တာတွေကိုပဲ သင်တန်းမှာ ကြုံရတာဆိုရင်ရော ကိုယ့်အတွက် ဆုံးရှုံးမှုတစ်ခုခု ရှိသလား ခပ်နာနာ ပြန်စဉ်းစားကြည့်ပါ။
 
ဘာဆိုဘာမှ ဆုံးရှုံးစရာမရှိတာကိုတွေ့ရပါလိမ့်မယ်။
 
ပြီးရင် အဲဒီလို negative consequence ဘာမှမရှိတဲ့ လေ့ကျင့်ကွင်းကို ရှောင်ပြေးနေခြင်းအားဖြင့် တစ်ခုခုကောင်းတာရော ဖြစ်လာနိုင်စရာရှိသလား ထပ်စဉ်းစားကြည့်ပါ။
 
ကောင်းလာတာ ဘာတစ်ခုမှမရှိတဲ့အပြင် တစ်ရက်ပြီးတစ်ရက် လေ့ကျင့်စရာ အခွင့်အရေးတွေရယ်၊ သင်တန်းအတွက်သုံးထားတဲ့ငွေကြေးရယ် အလိုလိုဆုံးရှုံးနေတာကိုပဲ တွေ့ရပါလိမ့်မယ်။
 
ဒါကြောင့် Speaking လုပ်ရမယ့်အချိန်တွေမှာ ရှောင်ပြေးမနေကြပါနဲ့။ အရှက်ရမှာချင်းတူရင် သင်တန်းမှာပဲ အရှက်ရလိုက်စမ်းပါ။ ဝင်တိုးကြစမ်းပါ၊ ပျော်ပျော်ကြီး အ ထစ် အ ထစ် ဖြစ်လိုက်စမ်းပါ၊ ပျော်ပျော်ကြီး စိတ်ဓာတ်ကျလိုက်စမ်းပါ။
 
အဲဒီ psychological barrier ဟာ တစ်ခါကျော်ပြီးရင် တစ်သက်လုံးအကျိုးပြုတယ်ဆိုတာကို ကိုယ်တိုင်လက်တွေ့ခံစားဖူးသူတွေပဲ သိပါတယ်။

 
 
Yours truly,
Sayar Henry

No comments:

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle