Sunday, November 24, 2024

ABCD လောက်ပဲ သိတဲ့သူကို ဘယ်က စသင်ပေးရမလဲ

 မေးခွန်း။  ။ “ဆရာ … အခြေခံ အင်္ဂလိပ်စာကို (ABCD လောက်ပဲ သိတဲ့သူကို) ဘယ်က စသင်ပေးရမလဲဗျ”


English ကို အခြေခံသိပ်ရောက်လွန်းတဲ့အနေအထားကနေ စတဲ့သူအတွက်ကျတော့ စာနဲ့ရေးပြီးရှင်းပြရတာ နည်းနည်းခက်ပါတယ်။ 

သို့သော် ခြုံငုံပြီး အကြံပေးရရင် - 

အသုံးအများဆုံး နေ့စဉ်သုံး Nouns ၃၀၀-၄၀၀ လောက်ရယ်၊ အသုံးအများဆုံး ပြု၊ဖြစ်၊ပိုင်ဆိုင် သဘောကိုပြတဲ့ Verbs တွေရယ်ကို ယဉ်ပါးအောင်အရင်လုပ်ခိုင်းပါ။ ပြီးရင် အဲဒါတွေကိုပဲ လှည့်ပတ်ပြီး ပြန်အသုံးပြုထားတဲ့ ဝါကျ + ရုပ်ပုံ + Context/Story + အသံ အစရှိတာတွေနဲ့ ပေါင်းစပ်နားလည်အောင် နမူနာတွေပြပြီး သင်ပေးပါ။ 

အဖြစ်များတဲ့ ဝါကျပုံစံတွေ (Thought Patterns) တွေကို အဲလိုထိတွေ့မှုရှိလာပြီဆိုရင် နောက်တစ်ဆင့်မှာ ပုံတွေကို ပြပြီး အလားတူဝါကျတွေကို သူ့ဖာသာသူ တည်ဆောက်ခိုင်းပါ။ ဝေါဟာရအဟောင်းသုံးရတဲ့ ကြားထဲမှာ အသစ်လေးတွေ ညှပ်ညှပ်ပြီးကြုံလာအောင် မသိမသာတိုးပြီးလုပ်ပေးသွားပါ။ 

အဲလိုလုပ်ရင်းနဲ့ Object လိုတဲ့ Verb / မလိုတဲ့ Verb ဆိုတာမျိုးကို အရသာခံတတ်လာပြီ prepositions လေးတွေနဲ့ complement ဖြစ်အောင်တည်ဆောက်တဲ့သဘောလေးတွေ ခံစားမိလာပြီဆိုတဲ့ နောက်မှာတော့ အမေးအဖြေသဘောတရားတွေ၊ အမေးဝါကျတွေလုပ်တတ်အောင်သင်ပေးပါ။ 

အဲဒီနောက်မှာတော့ သူ့ရဲ့အလုပ်/နေ့စဉ်ဘဝထဲမှာ တိုက်ရိုက်ပြန်အသုံးပြုနိုင်မယ့်၊ job specific ဖြစ်တဲ့ ဆက်စပ်ဝေါဟာရ အသုံးအနှုန်းတွေ ဝါကျပုံစံတွေကို ပြောင်းထည့်ပြီးသင်ပေးလို့ရပါပြီ။


Sayar Henry's Music Collection

Latest Episode

Powered by RedCircle