"Sound Design အထူးခြားဆုံး ၈ ပုဒ်"
မြန်မာနှစ်ကူးပိတ်ရက်ရှည်အတွင်း အချိန်ရနေတဲ့သူတွေ၊ အထူးသဖြင့် ကျွန်တော့်ပေါ့ကဒ်စ် Voice of Sayar Henry နဲ့ သိပ်မရင်းနှီးသေးတဲ့သူတွေ၊ နောက်မှနားထောင်မယ်ဆိုပြီး ရွှေ့ရင်းနဲ့ အခုထိမယ်မယ်ရရ နားမထောင်ဖြစ်သေးတဲ့သူတွေ အတွက် ကျွန်တော့်ရဲ့ ဖန်တီးမှုတွေထဲက Sound Design အထူးခြားဆုံး Special Episodes ၈ ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(Episode Title က အင်္ဂလိပ်လိုဆိုရင် အင်္ဂလိပ်ဘာသာနဲ့တင်ဆက်တာဖြစ်ပြီး၊ ခေါင်းစဉ်က မြန်မာလိုဆိုရင် မြန်မာလိုတင်ဆက်တဲ့အပုဒ်ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ အပုဒ်တိုင်းကို headphones နဲ့နားထောင်ဖို့ အကြံပြုပါတယ်။)
(၁) စိတ်နှင့်ဦးနှောက်ကိုဂရုစိုက်ခြင်း (Episode 6, 40 mins)
ဒီအပုဒ်ဟာ ကျွန်တော့်ကို audio editing & sound mixing လုပ်တဲ့အပိုင်းမှာ စမ်းသပ်လုပ်ကိုင်ရင်း ပျော်မွေ့သွားစေတဲ့ ပထမဆုံး ပရောဂျက်မို့လို့ တော်တော်အမှတ်တရဖြစ်ပါတယ်။ နားထောင်သူကို တောအုပ်လေးထဲခေါ်သွားပြီး ကျေးငှက်သံတွေနောက်ခံနဲ့ လမ်းလျှောက်စကားပြောရင်း မိုးမိလို့ တဲအိမ်လေးထဲမှာ မိုးခိုရင်း ဆက်စကားပြောတဲ့ပုံစံနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။
(၂) အပျင်းစိတ်ကိုပဲ့ကိုင်ခြင်း (Episode 14, 45 mins)
ဒီအပုဒ်မှာတော့ နားထောင်သူကို ကျွန်တော်က ပန်ဒိုရာကမ်းခြေကို ခေါ်သွားပြီး ပင်လယ်ကမ်းစပ်ကနေ ကန်းရိုးတန်းတလျှောက် လမ်းအတူတူလျှောက်ကြရင်း စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုမွေးယူရမယ်ဆိုတာကို လမ်းညွှန်ပေးတဲ့ အပုဒ်ဖြစ်ပါတယ်။ ရေလှိုင်းသံတွေ ကမ်းခြေတွေကြိုက်တတ်တဲ့သူမျိုးဆိုရင် သိပ်ကိုသဘောကျမှာပါ။
(၃) ဂျင်းဖောမြေကိုဖြတ်သန်းခြင်း (Episode 24, 39 mins)
ဒါက ဂျိမ်းဖောမြေလို့ မျက်စိမှားဖတ်တတ်ကြတဲ့ခေါင်းစဉ်ပါ။ တကယ်က 'ဂျိမ်း' မဟုတ်ပါဘူး။ 'ဂျင်း' ပါ။ ဂျင်းတွေသိပ်များတဲ့ ဖောနေတဲ့ ဂျင်းဖောမြေပေါ့။ ကျွန်တော်က နားထောင်သူနဲ့ မီးရထားပေါ်မှာ ဘေးကပ်လျက်ထိုင်မိရက်သားဖြစ်သွားလို့ စကားစပ်မိရာကနေ ခရီးစဉ်တစ်လျှောက်လုံး စကားကောင်းသွားတဲ့ပုံစံမျိုးဖန်တီးထားတာဖြစ်ပါတယ်။ ရထားစီးရတဲ့ အသံနောက်ခံတွေ၊ ရထားနှစ်စီးကပ်ပြီးဖြတ်သွားတဲ့အသံမျိုးတွေနဲ့ သောတဆင်ရမှာပါ။
(၄) အက်ဆေးတစ်ပုဒ်ကိုအသက်သွင်းခြင်း (Episode 27, 16 mins)
ဒါကတော့ ခေါင်းစဉ်ကိုကြည့်ပြီး စာနဲ့ဆိုင်တာပြောမယ်ထင်လို့ ရှောင်လိုက်တဲ့သူတွေ နစ်နာသွားနိုင်တဲ့ 'ရွက်ပုန်းသီး' အပုဒ်ဖြစ်ပါတယ်။ ကျွန်တော် ၁၇-၁၈ နှစ်သားအရွယ်လောက်က ချာတိတ်လေးတစ်ယောက် အိမ်ထဲမှာ ကျားတစ်ကောင်နဲ့ ပိတ်မိသွားတဲ့အကြောင်းဇာတ်လမ်းတိုလေး ရေးထားတာကို လူကြီးဘဝမှာ audio project အဖြစ်အသွင်ပြန်ပြောင်းပြီး သည်းထိတ်ရင်ဖိုခံစားချက်ပေါ်လွင်အောင် ပြန်လည်ဖန်တီးထားတဲ့အပုဒ်ဖြစ်ပါတယ်။ ရုပ်ရှင် ကားတိုလေးနဲ့တူပါတယ်။
(၅) The Time Traveler (Episode 32, 36 mins)
Reality လောက နဲ့ Fiction လောက နှစ်ခု ခေါင်းချင်းဆိုင်တိုက်မိသွားတဲ့ အခိုက်အတန့်တစ်ခုကြောင့် "၂၀၂၂ ခုနစ်က ကျွန်တော်" က အတိတ်ကိုရောက်သွားပြီး "အတိတ်ကကျွန်တော်" နဲ့ ဆုံတွေ့သွားတဲ့ ဒီအပုဒ်မှာ ကျွန်တော်က အသံနှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားပါတယ်။ Marvel, DC တို့လို sci-fi သဘောတရားဆန်ဆန်၊ ရုပ်ရှင်ဆန်ဆန် audio experience ကို ကြိုက်တတ်သူများရဲ့ all time favorite အပုဒ်ဖြစ်ပါတယ်။ Apple Podcasts ရဲ့ Regional Charts တွေမှာ ထွက်ထွက်ချင်း ၄၈ နာရီအတွင်း နံပါတ် ၁ ချိတ်ခဲ့တဲ့ အပုဒ်လည်းဖြစ်ပါတယ်။
(၆) စိတ်မလေခြင်းအနုပညာ (Episode 44, 42 mins)
နားထောင်သူက မြို့ထဲမှာလမ်းလျှောက်နေရင်း ဖုန်းခေါ်သံကြားရလို့ ကိုင်လိုက်တဲ့အခါ ကျွန်တော်က ဆက်လာတာဖြစ်ကြောင်းသိရပါတယ်။ အဲဒါနဲ့ စကားပြောရင်း လမ်းလျှောက်ရင်း ကျွန်တော်နဲ့ချိန်းထားတဲ့နေရာကို ရောက်တဲ့အခါ နှစ်ယောက်သား ကော်ဖီဆိုင်မှာထိုင်ပြီး စကားဆက်ပြောဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကော်ဖီဆိုင်နဲ့ Jazz တေးသွား နောက်ခံတွေကို ပေါင်းစပ်ပြီး နားအရသာခံချင်သူတွေ သိပ်ကြိုက်ကြတဲ့အပုဒ်ပေါ့။
(၇) အဏ္ဏဝါပုံပြင် (Episode 60, 51 mins)
နားထောင်သူက ဟော်တယ်တစ်ခုရဲ့ ရေကူးကန်ထဲမှာ ရေကစားနေတုန်း ကျွန်တော်နဲ့အမှတ်မထင်လာဆုံပါတယ်။ အဲဒီကနေ ကျွန်တော်က snorkelling တွေ scuba diving တွေ လုပ်ဖူးသလားလို့ အစချီရာကနေ နားထောင်သူကို ပင်လယ်ထဲ ရေငုပ်ထွက်တဲ့အဆင့်အထိရောက်အောင် တစ်ဆင့်ချင်း လမ်းပြခေါ်ယူသွားပြီး comfort zone အပြင်ဘက်ကို ထွက်အောင်စည်းရုံးတဲ့အပုဒ်ပါ။ နောက်ဆုံးမှာ နားထောင်သူက တစ်ယောက်တည်း ရေထဲဆင်းသွားတဲ့အထိပေါ့။
(၈) The Constellations (Episode 69, 50 mins)
ဒါကတော့ ၂၀၂၅ ခုနှစ်ထဲမှာ VOSH သောတရှင်တွေအကြား နောက်ဆုံး hot ဖြစ်ထားတဲ့အပုဒ်ဖြစ်ပါတယ်။ လူငယ်ဘဝရဲ့ အချစ်ဇာတ်လမ်းအတိုအစလေးတွေကနေ တစ်ခုနဲ့တစ်ခုဘယ်လို ဆက်စပ်ပြီး လူတစ်ယောက်ရဲ့ဘဝကို ပုံဖော်သွားတယ်ဆိုတာတွေ၊ ကံကြမ္မာရဲ့သဘောသဘာဝတွေကို How I Met Your Mother ဇာတ်လမ်းတွဲထဲကလို non-linear storytelling နဲ့ flashback / flashforward တွေသုံးပြီး သရုပ်ဖော်ထားတာပါ။ Creativity ကိုတန်ဖိုးထားတဲ့သူတိုင်း နားထောင်ဖူးသင့်ပါတယ်။ Soundtrack တွေကိုလည်း သဘောကျကြတယ်လို့ feedback ပြန်ကြားသိရပါတယ်။ "The most beautiful thing I’ve ever created" လို့ ကျွန်တော်က သမုတ်ချင်တဲ့ အပုဒ်လို့ပဲ ဆိုပါတော့။
ဒါကတော့ ကျွန်တော်က ရွေးချယ်ပေးတဲ့ Special Episodes ၈ ပုဒ်ပါ။ နားမထောင်ဖူးသေးသူတွေ မြည်းစမ်းကြည့်ပါ။ အရင်က Headphones ကောင်းကောင်းနဲ့ သေချာနားမထောင်ရသေးတာမျိုးဆိုရင်လည်း အခု revisit လုပ်ကြည့်ပါ။ တကယ်လို့ ကျွန်တော်ရွေးပေးတဲ့အထဲမှာ မပါပေမယ့် ကိုယ်က အရမ်းကြိုက်တဲ့ အခြားအပုဒ်မျိုးရှိဖူးခဲ့ရင်လည်း ကွန်မန့်ရေးပေးခဲ့ပေါ့။
ပိတ်ရက်ပြီးတဲ့အခါ အကျိုးရှိတာတွေ ပြန်စလုပ်ကြဖို့ အဆင်သင့်ဖြစ်အောင် recharge လုပ်ရာမှာ Voice of Sayar Henry က တစ်စိတ်တစ်ပိုင်းလောက် အထောက်အကူပြုသွားမယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်။
Yours truly,
Sayar Henry
Creator of VOSH
---------------------
https://sh-learningculture.com/english
https://sh-learningculture.com/burmese
“Voice of Sayar Henry” is available for FREE on all major podcast apps including Apple Podcasts, Spotify, Castbox, Amazon Music, Audible, and YouTube Music, with transcripts available on SH Learning Culture website.