"စိတ်လေနေသလား"
လူတစ်ယောက်ရဲ့ဘဝအနှစ်သာရက တစ်ခုခုကို တည်ဆောက်နေခြင်းပေါ်မှာ အများကြီးမူတည်ပါတယ်။
ကျန်းမာရေး တည်ဆောက်နေတာဖြစ်ရင်ဖြစ်မယ်။ ပညာရေး/ စွမ်းရည်တစ်ခုခု ကို တည်ဆောက်နေတာဖြစ်ရင်ဖြစ်မယ်။ အလုပ်အကိုင်/ လုပ်ငန်း/ ဝင်ငွေ တစ်ခုခုကို တည်ဆောက်နေတာဖြစ်ရင်ဖြစ်မယ်။ အချစ်၊ မိသားစုအနာဂတ် စသဖြင့်ကို တည်ဆောက်တာဖြစ်ရင်ဖြစ်မယ်။ နောက်ဆုံး သဘာဝဘေးဒဏ်တစ်ခုကြောင့် ပြိုကျနေတဲ့ တိုက်အိမ်တစ်လုံးကို literally ပြန်လည်တည်ဆောက်ဖို့ကြိုးစားနေရတာလည်း ဖြစ်ရင်ဖြစ်နေပါမယ်။
ဘာကိုပဲ တည်ဆောက်သည်ဖြစ်စေ အချိန်အခါတစ်ခုမှာ လဲပြိုဆင်းသွားတာမျိုး အနည်းနဲ့အများကြုံရတတ်ပါတယ်။
အဲဒီအခါမျိုးကျရင် "မသေချာတဲ့ အနာဂတ်ကြီးနဲ့ အချိန်မရွေးပြိုလဲသွားနိုင်တာပဲ၊ တည်ဆောက်လဲ ဘာထူးတော့မှာလဲ" ဆိုတဲ့ 'အပျက်စိတ်' တွေ 'အကျစိတ်' တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ရဲ့ စဉ်းစားလုပ်ကိုင်ပုံတွေ ခံယူချက်တွေ တိမ်းစောင်းသွားတတ်ပါတယ်။ အဲဒါ 'စိတ်လေခြင်း' အစပြုတဲ့နေရာပါပဲ။
ဒါကြောင့် စိတ်မလေဖို့ဆိုရင် တစ်ခုခုကို တည်ဆောက်နေရပါတယ်။
နောင်အခါ ပြန်ပြီးပြိုကျနိုင်တာကို တွေးပူပြီး တည်ဆောက်လဲဘာထူးမှာလဲ ဆိုပြီး ဖြစ်သလိုနေသွားလို့မရပါဘူး။ အဲဒီလိုတွေးတာဟာ နောင်တစ်ချိန်ကျရင်လည်း သေရမှာပဲ၊ အခုအသက်ရှင်ဖြတ်သန်းနေတာ ဘာထူးမှာလဲ လို့ လောကကြီးကိုရှုမြင်သလို ဖြစ်နေပါမယ်။
လူဆိုတာ အိမ်နဲ့နေရတာပါ။ ပြိုကျမှာကြောက်လို့ ရွက်ဖျင်တဲနဲ့ပဲ တစ်သက်လုံးနေသွားလို့မရပါဘူး။ အိမ်ပြန်ဆောက်ပါ။ ချစ်ခြင်းမေတ္တာပြန်တည်ဆောက်ပါ။ စွမ်းရည်တွေ ပြန်တည်ဆောက်ပါ။ ဘဝပြန်တည်ဆောက်ပါ။
ဘာမှ ပြန်မတည်ဆောက်တော့ဘူးဆိုရင်တော့ သေချာပေါက် စိတ်လေလာပါလိမ့်မယ်။
အိမ်မှာ ရပ်ကွက်ထဲမှာ ချာတိတ်တစ်ယောက်တစ်လေ စိတ်လေတာမျိုးကတော့ ဘာမှ ကြီးကြီးကျယ်ကျယ်စိုးရိမ်စရာ မရှိဘူးပေါ့။
ဒါပေမယ့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတစ်ခုလုံးနဲ့ချီပြီး ထုထည်အကြီးကြီး စိတ်လေလို့တော့ မရပါဘူး။
Yours truly,
Sayar Henry