လူအများစုမှာ မိမိကိုယ်မိမိ ယုံကြည်မှုမရှိတာဟာ မရိုးသားလို့ ၊ တစ်ခုခုဖြစ်ဟန်ဆောင်ချင်နေလို့ ဖြစ်ပါတယ်။
ကျောင်းသားလူငယ်တွေမှာပဲဖြစ်ဖြစ်၊ အသက်အရွယ်အတွေ့အကြုံအများကြီးရှိပြီးသူတွေမှာပဲဖြစ်ဖြစ် မိမိကိုယ်မိမိယုံကြည်မှုပိုပြီးရှိလာချင်ရင် သူများထက်ပိုပြီး သိရမယ်၊ တတ်ရမယ်၊ ကျွမ်းကျင်ရမယ်၊ သူများထက်ပိုပြီး ကြွယ်ဝရမယ်၊ အဲဒီလိုဖြစ်လာမှပဲ ယုံကြည်မှုမြင့်တက်လာမယ် စသဖြင့် ပြင်ပပေတံတစ်ခုခုနဲ့ တိုင်းမိတတ်ကြပါတယ်။
ဒါပေမယ့် ဘာသာစကားစွမ်းရည်၊ အလုပ်အကိုင်စွမ်းရည်၊ ချမ်းသာကြွယ်ဝမှု ဘာပဲ ဖြစ်ဖြစ် Status / Performance အစရှိတာတွေဟာ ပြင်ပပေတံစံနှုန်းတွေဖြစ်တဲ့အတွက် အတွင်းစိတ်ထဲမှာရှိတဲ့ မိမိကိုယ်မိမိယုံကြည်မှုအနေအထားအစစ်အမှန် (Self-confidence) ကို မပြနိုင်ပါဘူး။ အဲဒါတွေကိုသာမှီခိုနေမယ်ဆိုရင် ကိုယ့်ရဲ့ confidence ဟာ ကိုယ့်ထက်ပိုနိမ့်တဲ့သူနဲ့တွေ့ရင်တက်သွားလိုက်၊ ကိုယ့်ထက်ပိုသာတဲ့သူနဲ့တွေ့ရင် ကျသွားလိုက်နဲ့ မငြိမ်ဘူးဖြစ်နေပါမယ်။ မိမိကိုယ်မိမိယုံကြည်မှုဟာ hierarchy / ranking ပေါ်မူတည်ပြီး အတက်အကျဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ စစ်မှန်တဲ့ confidence မရှိသေးကြောင်း ညွှန်ပြနေပါတယ်။ အမှန်တကယ် self-confidence ရှိတယ်ဆိုရင် ကိုယ့်ထက်မြင့်တဲ့သူနဲ့ပဲဖြစ်ဖြစ် နိမ့်တဲ့သူနဲ့ပဲဖြစ်ဖြစ် ပြုမှုဆက်ဆံပုံ၊ စကားပြောပုံတွေ ပြောင်းမသွားပါဘူး။
ဥပမာ - Speaking practice လုပ်ရမယ့်အတန်းတစ်ခုမှာ ကျောင်းသားတွေဟာ မိမိထက်ပိုပြီး ပြောနိုင်ဆိုနိုင်တဲ့သူမျိုးနဲ့ ဆုံရတဲ့အခါ၊ ဒါမှမဟုတ် မိမိကိုယ်မိမိ စကားပြောစွမ်းရည် အားနည်းနေသေးတယ် / အသံထွက်မကောင်းဘူး စသဖြင့်ထင်နေတဲ့အခါမျိုးမှာ confidence ပြဿနာကို ကြုံရတတ်ပါတယ်။ အဲဒီမှာမှ ကိုယ့်ရဲ့ skill / performance ကို သူများနဲ့ယှဉ်ပြီး ကြည့်ဖို့ အားသန်တဲ့ကျောင်းသားမျိုးတွေမှာဆိုရင် confidence က ထိုးဆင်းသွားတော့တာပါပဲ။
အဲလိုမျိုး ပြင်ပပေတံတွေ ပေါ်မူတည်ပြီး confidence တည်ဆောက်ဖို့ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်က - ငါ နောက်ထပ် အများကြီးထပ်လေ့ကျင့်ပြင်ဆင်ပြီး အခုထက်ပိုပြောနိုင်လာမှပဲ စကားပြောရမယ့်အတန်းချိန်တွေမှာ ယုံကြည်မှုရှိရှိနဲ့ပြန်ပြီးပါဝင်လာနိုင်မယ်လို့ ထင်မိတာမျိုးပါ။ အဲဒီလိုတွေးတဲ့သူအတော်များများဟာ ကိုယ့်ဟာကိုယ် တိတ်တိတ်လေးပြန်လေ့ကျင့်လိုက်အုံးမယ်၊ ကျွမ်းကျင်လာမှ ပြန်လာပြီး perform လုပ်ပြမယ်ဆိုတဲ့ "စိတ်ထောင်ချောက်" ထဲ ပိတ်မိသွားတတ်ကြပါတယ်။
လက်တွေ့မှာ အဲဒီလိုလူမျိုးတွေက အကြာကြီးပျောက်သွားတာသာ အဖတ်တင်ပြီး မယ်မယ်ရရမတိုးတက်လာကြပါဘူး။ အကြောင်းရင်းကတော့ မမြင်ကွယ်ရာမှာ ပုန်းနေတဲ့အခါ မိမိကိုယ်မိမိတာဝန်ယူမှု တာဝန်ခံမှုပိုင်း (Accountability) မှာ ပျော့ဆင်းသွားလို့ဖြစ်ပါတယ်။
အဲဒီလိုဖြစ်မယ့်အစား - Status / Performance ဆိုင်ရာ hierarchy / ranking တွေနဲ့ လျှောက်စဉ်းစားမနေဘဲ ကိုယ့်အရှိအတိုင်း ရိုးရိုးသားသား perform လုပ်ပြီး ကျင့်စရာ လုပ်စရာ ရှိတာကိုဆက်လုပ် ဆက်အားထုတ်နေတတ်တဲ့သူမျိုးအတွက်ကျတော့ ကိုယ့်ထက်သာတဲ့သူတွေဟာ မော့ကြည့်အားကျစရာ “someone to look up to” တွေဖြစ်ပြီး inspiration ယူစရာတွေအဖြစ်မြင်ပြီး ပိုတောင် အားထုတ်ချင်လာပါတယ်။
ဒါကြောင့် စစ်မှန်တဲ့ confidence ဟာ status, performance, ranking တွေလို ပြင်ပစံနှုန်းတွေ ပေတံတွေနဲ့ လိုက်ပြီးတိုင်းနေခြင်းကနေ မလာဘူး ဆိုတာကို ကျောင်းသားများ သတိပြုစေချင်ပါတယ်။
မိမိအပေါ်မိမိ ရိုးသားခြင်းရယ်၊ မိမိရဲ့အရှိအနေအထားအတိုင်းကနေ ပိုတိုးတက်လာအောင်တစ်ခုခုကိုလက်တွေ့ကြိုးစားနေတယ်ဆိုတဲ့ သိစိတ်ရယ် ရှိလာရင် မိမိကိုယ်မိမိယုံကြည်မှု (Self-confidence) ရှိလာတာကို ခံစားရပါမယ်။
ဒီတော့ နောက်တခါ speaking practice လုပ်ရတော့မယ်ဆိုရင် -
"ငါ ဖြတ်သန်းလာဖူးသလောက် ဘဝပေးအခြေအနေရယ်၊ အားထုတ်မှုရှိထားသလောက်ရယ်ပေါ် မူတည်ပြီး အရှိအတိုင်း ငါ perform လုပ်မယ်။ ဒီထက် တိုးတက်လာအောင်လည်း ငါကြိုးစားနေတာမို့လို့ သူတို့လို ချက်ခြင်းဖြစ်မလာနိုင်ဘူးဆိုရင်တောင် ငါအရင်ကထက် ပိုပြီးတော်လာမယ်။ ဒါကြောင့် ဒီခရီးလမ်းကို ငါဆက်လျှောက်နေမယ်။"
အဲဒီလိုတွေးပါ။ ဆက်လျှောက်ပါ။
တကယ်တိုးတက်လာပါမယ်။
Yours truly,
Sayar Henry
01.28.2026
--------------------------
Teacher (2012-present)
Writer (2006-present)
YouTuber (2013-present)
Podcaster (2021-present)
--------------------------