Friday, June 21, 2024

"မဟောင်းသွားသည့် သင်ခန်းစာ"

ကျွန်တော့်ရဲ့ Ear Training အတန်းထဲမှာ နားထောင်တဲ့နည်းစနစ် (Technique) အပြင် နားထောင်တဲ့သက်လုံ (Stamina) တက်လာအောင် လေ့ကျင့်ပုံ အကြောင်းပြောပြရင်းနဲ့ အပြေးလေ့ကျင့်တဲ့ အကြောင်းကို ကျောင်းသူတစ်ယောက်နဲ့ စကားစပ်မိပါတယ်။

အဲဒီကျောင်းသူက Voice of Sayar Henry ပေါ့ကဒ်စ်ကိုကြိုက်တဲ့ fan လည်းဖြစ်သလို ဆိုရှယ်မီဒီယာမှာတင်ဖူးတဲ့ ကျွန်တော့်စာတွေကိုလည်း ဟိုးအရင်ကတည်းက ဖတ်လာခဲ့သူတစ်ယောက်ပါ။ သူက ကျွန်တော် ကျောင်းသားဘဝတုန်းက ရုန်းကန်ခဲ့တဲ့အတွေ့အကြုံအကြောင်းရေးထားတဲ့ စာအဟောင်းကို အခုချိန်မှာ ပြန်မျှဝေပေးရင်လည်း ရေခြားမြေခြားကို ကျောင်းတက်/အလုပ်လုပ် စသဖြင့် ထွက်သွားကြရတဲ့ လူငယ်တွေအတွက် ဆီလျော်မှုရှိသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျွန်တော်လည်း အဲဒီစာအဟောင်းကို ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်။ မူရင်းစာရဲ့ အဆုံးသတ်ပိုင်းက အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားနဲ့ သိပ်ပြီး မလိုက်ဖက်တော့လို့ စာနောက်ပိုင်းမှာ ၂၀၂၄ အတွက် ဖြည့်စွက်ချက်တစ်ခု ထပ်ထည့်ပေးထားပါတယ်။

ဖတ်ရသူ လူငယ်များအတွက် စိတ်ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

* * *
ကျောင်းသားတစ်ယောက်က ကျွန်တော့်ကို ထူးထူးခြားခြား မေးခွန်းထုတ်သည်။
" ဒီနေ့အထိ ဖြတ်သန်းဖူးသမျှထဲက သင်ခန်းစာယူလို့ ရနိုင်တာတွေများရှိခဲ့ရင် ပြောပြလို့ရမလား" ဟူ၍။

ကျွန်တော်လဲ ဘာပြောစရာတွေရှိမလဲဆိုသည်ကို ပြန်ပြီး စဉ်းစားရသည်။

ကိုယ်တိုင်က လူ့လောကကို ဆယ်စုနှစ် ၃ စုသာသာပဲ ဖြတ်သန်းဖူးသေးသည်ဆိုတော့ အချို့ကိစ္စတွေ၊ ဘဝဖြတ်သန်းမှုဆိုင်ရာခံယူချက်တွေ အတွေးအခေါ်အချို့ဘက်မှာ မပြည့်စုံသေး။
ပြောဖို့ရာ အချိန်မတန်သေးဟု ခံစားရသည်။

သို့သော် ကျောင်းသားအရွယ်လူငယ်များကို ပြောပြဖို့ သင့်လျော်သည့် အကြောင်းအရာတစ်ခုတော့ ရှိနေသည်။

ကျွန်တော့်ကို ယနေ့အထိအကျိုးပြုနေသည့် စိတ်နေသဘာဝဆိုင်ရာခွန်အားတို့၏ မြစ်ဖျားခံရာ အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းစရိတ်ရှာခဲ့ရသည့်ကျောင်းသားဘဝတစိတ်တပိုင်းအကြောင်း။
* * *
၂၁ ရာစု၏ ပထမဆုံး ဆယ်စုနှစ်မကုန်ခင်နှစ်များတွင် ကျွန်တော် ကံကောင်းထောက်မစွာ ပြည်ပတွင် ပညာသင်ခွင့်ရခဲ့၏။ စာသင်နှစ်၏ ပထမဆုံး ၄ လကျော်သည်မှစ၍ ကြီးလေးလွန်းသည့်ကျောင်းစရိတ်၊ စားစရိတ်၊ နေစရိတ်တို့ကို ကာမိအောင် နိုင်ငံတကာကျောင်းသားတို့၏ လမ်းစဉ်အတိုင်း အချိန်ပိုင်းအလုပ် စတင်လုပ်ကိုင်ခဲ့ရသည်။

ပထမဦးစွာ ညလုံးပေါက်ဖွင့်သည့် Seven Eleven Store တစ်ခု တွင် ည ၁၁ နာရီမှ နံနက် ၇ နာရီအထိ အလုပ်ဆင်းရ၏။ ကနဦးတွင် ကျွန်တော်ခံနိုင်ရည်မရှိခဲ့။ အမိနိုင်ငံတော်က မွေးမြူပေးထားသည့် သက်သောင့်သက်သာနေရရေးကို ဦးစားပေးသည့် စိတ်ဓာတ်က အခြားနိုင်ငံတကာ လူငယ်များထက် ပျော့ညံ့သူတစ်ဦးအဖြစ် ကျွန်တော့်အား အရှက်ရစေခဲ့သည်။ ငွေရှာရန်မလွယ်ကူကြောင်း သီအိုရီ ကို ငယ်စဉ်က ဖတ်ဖူးကြားဖူးရုံ အသိမျိုးမဟုတ်တော့။ ရုပ်ရှင်များတွင် မြင်တွေ့ခဲ့ဖူးသည့် အလုပ်ပင်ပန်းလွန်းသဖြင့် မိုးလင်းချိန် အပြန်ရထားပေါ်တွင် ဇက်ကျိုးကျမတတ် ငိုက်မြည်းပြီးလိုက်လာရခြင်းမျိုးကို ကိုယ်တွေ့ကြုံရပြီ။ အလုပ်လုပ်လျှင်စာမဖတ်နိုင်၊ စာဖတ်နေလျှင်လဲ စားစရာကမရှိ။ အခက်တွေ့ပြီ။

နိုင်ငံတကာက အခြားကျောင်းသားများကို အကဲခတ်လိုက်တော့ သူတို့လဲ ထိုနည်းတူတူ ဖြတ်သန်းနေသည်ကိုတွေ့ရသည်။ သို့သော် စာလဲလိုက်နိုင်သော၊ အလုပ်လဲ အလွန်လုပ်သော ကျောင်းသားများကတော့ ရှိနေဆဲ။ သူတို့ အမှတ်တွေက ကောင်းနေဆဲ။ အဲသည်တော့ ကျွန်တော်သဘောပေါက်သွားသည်။ မြန်မြန် adapt လုပ်လျှင်လုပ်၊ မလုပ်လျှင် ကိုယ် ကျဆုံးတော့မည်။ Darwin ၏ Survival of the fittest ကို နဖူးတွေ့ဒူးတွေ့ ဖြတ်သန်းရပြီ။ လက်ရှိအလုပ်ချိန်နှင့် ရငွေ အချိုးချကြည့်ပြီး pay rate ပိုမြင့်မည့် အချိန်ပိုင်းစားပွဲထိုးအလုပ်ကိုပြောင်းရန်စတင်ရသည်။

ကံကောင်းစွာပင် နောင်အခါ အချစ်ဆုံးသူငယ်ချင်းတစ်ဦး ဖြစ်လာမည့် နီပေါလ်နိုင်ငံသား အတန်းဖော်သူငယ်ချင်း၏အဆက်အသွယ်ဖြင့် ကြယ်ငါးပွင့်အဆင့်ရှိ ရှန်ဂရီလာဟိုတယ်ကြီး အတွင်းက စားသောက်ဆိုင်ကြီးတစ်ခုတွင် စားပွဲထိုး လုပ်ခွင့်ရသွားသည်။ အဲသည်ဖြတ်သန်းမှုကပင် ကျွန်တော့် ဘဝ၏ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး ခရီးစဉ်အတွက် accelerator တစ်ခုသဖွယ်ဖြစ်ခဲ့သည်။

ထိုစဉ်က ကျွန်တော့်ကျောင်းချိန်မှာ နံနက် ၉ နာရီမှ နေ့လယ် ၄ နာရီအထိဖြစ်ပြီး စားသောက်ဆိုင်တွင်ဝင်လုပ်ခါစ အလုပ်ချိန်မှာ ညနေ ၆ နာရီမှ ည ၁၁ နာရီ အထိ။ အလုပ်သို့ ၅ နာရီခွဲ အရောက်သွားရသည်ဖြစ်ရာ အချိန်လုရသည်။ အသားမကျသေးသည့် လုပ်ငန်းခွင်အသစ် နှင့် အတွေ့အကြုံနုနယ်မှုများက ကျွန်တော့်ကို စိတ်ရောလူပါ ပို၍ ပင်ပန်းစေခဲ့၏။ အလုပ်ချိန်ပြီး၍ ဘတ်စကားစီးပြီးပြန်လာပြီးနောက် အိမ်နားမရောက်ခင် လမ်းဘေးခုံတန်းလေးတစ်ခုပေါ်တွင် ခြေပစ်လက်ပစ်လှဲ လိုက်ကာ ကောင်းကင်ပေါ်က ကြယ်များကို မော့ကြည့်နေရင်း အမောဖြေစဉ်တွင် နားကြပ်ထဲရှိ သီချင်းသံများက ယခင်နှင့်မတူတော့။ နားထောင်နေကျသီချင်းများက ယခင်ထက် အဆပေါင်းများစွာ ပို၍ချိုသာနေသည်။

ကျွန်တော် အဲသည်ညကို မမေ့နိုင်။ အလုပ်၏တန်ဖိုး၊ ပင်ပန်းမှု မရှိဘဲ အပန်းဖြေခြင်းနှင့် အလုပ်ပင်ပန်းမှုကြောင့် အပန်းဖြေခြင်းအရသာ နှစ်ခု၏ ဆီနှင့်ရေပမာ ကွာခြားပုံကို စတင်သိရှိခဲ့ပြီကိုး။

ကြိုက်သည်။ ကျွန်တော် အလုပ်လုပ်ရခြင်း၏ အရသာကို ကြိုက်တတ်သွားပြီ။

ထို့နောက်မှ စ၍ ကျွန်တော်အလုပ်ကို ပို၍ ကြိုးစားလုပ်ချင်လာ၏။ သို့ရာတွင် စိတ်ဖိစီးမှုများသော လုပ်ငန်းခွင်အမျိုးအစားတွင် လုပ်ကိုင်ရသည်ဖြစ်ရာ စိတ်ဓာတ်ကျစရာများကတော့ ပေါ်ပေါက်နေဆဲ။ ထိုအလုပ်မျိုးဆိုသည်က မလုပ်ဖူးလျှင်စားပွဲထိုးဆိုတာ ခပ်လွယ်လွယ်အလုပ်ပေါ့ဟူ၍ ထင်ရသည့်အလုပ်မျိုး။ လက်တွေ့တွင်ကား ကြယ်ငါးပွင့်အဆင့်မှီအောင် ဝန်ဆောင်ပေးရသည့် စားပွဲထိုးခြင်းမျိုးဖြစ်ရကား အလွန်တင်းကြပ်သည်။ လူကုံထံစားသုံးသူများ စိတ်တိုင်းကျအောင် ဆက်ဆံခြင်း၊ ဝန်ဆောင်မှု မြန်ဆန်ခြင်း၊ အမှားအယွင်းမရှိခြင်း၊ စနစ်ကျခြင်း တို့၌ ရှန်ဂရီလာ၏ နှလုံးသားကို မွေးယူ၍လုပ်ကိုင်ရသည်မှာ စိတ်မထားတတ်လျှင် အလွန်စိတ်ပင်ပန်းစရာဖြစ် တတ်သည်။ စားသုံးသူများ၏စိတ်တွင် ဝန်ဆောင်မှုဆိုင်ရာ အပူအပင်တစ်စက်မျှ မဖြစ်ရဘဲ ဇိမ်ကျ ကျေနပ်စွာသုံးဆောင်ရင်း ချိုသာသိမ်မွေ့တိကျမြန်ဆန်သော စားပွဲထိုးများကို သဘောကျနေသည့် ခံစားချက်မျိုးရရှိအောင် သူတို့မမြင်ကွယ်ရာ မီးဖိုဆောင် ထဲမှာ အဆိုပါ အပြုံးချိုချို စားပွဲထိုးများကပင် လူကြမ်းကြီးများလို အော်ဟစ်ပြောဆိုရင်း လေအေးစက်ပြင်းပြင်းအောက်တွင် ရှိသည့်တိုင် ချွေးဒီးဒီးကျအောင် မရိမ်းစစ်သားများသဖွယ် ပြေးလွှားလုပ်ကိုင်စီစဉ်နေရသည်ကို စားသုံးသူများ ရိပ်မိစရာပင်မရှိအောင် အသွင်ပြောင်းဆောင်ရွက်တတ်ရသည်။

ဆိုင်ကြီး တစ်ဆိုင်လုံး အပြည့် လူကျသည့်အခါများတွင် စားသုံးသူ ၄၀၀ ကျော်သည်အထိ ဖြစ်တတ်သဖြင့် အချိန်ပိုင်းလုပ်နိုင်သည့် နိုင်ငံတကာမှ ကျောင်းသားမျိုးစုံကို ခန့်ထားရသည်။ pay rate လဲကောင်းသဖြင့် အလုပ်ချိန်များများရလိုသည့် ကျောင်းသားက များလွန်းနေ သည် ဖြစ်ရာ သူ့အလှည့် ကိုယ့်အလှည့် အလုပ်ချိန်ရအောင် လုကြရသည်။ သူတင်ကိုယ်တင် လက်စွမ်းပြနိုင်ဖို့ လိုလာပြီ။ အများစုမလုပ်နိုင်သော အချိန်ပိုင်းမျိုးတွင် လုပ်ပေးနိုင်သူများ၊ အလုပ်ချိန်ကြာကြာခံနိုင်ရည်ရှိသူများ ဆိုလျှင် အခြားအချိန်များတွင်လဲ ဦးစားပေးခံရသည်များ ရှိလာပြီ။

အဲသည်မှာ ကျွန်တော် ကျန်းမာရေးဒေါင်ဒေါင်မြည်နေဖို့ လိုကြောင်း၊ ကျန်းမာရေးလိုက်စားခြင်းက အလုပ်ဒဏ်ကို ပို၍ခံနိုင်ရည်ရှိစေကြောင်း၊ အလုပ်ချိန်ကြာကြာလုပ်နိုင်စေကြောင်း သဘောပေါက်လာသည်။ အဲသည့်အတွက် ကုန်ကျစရိတ်အနည်းဆုံး အားကစားဖြစ်သည့် အပြေးလေ့ကျင့်ခန်းကို အပြေးဖိနပ်ကောင်းကောင်းတစ်ရံတွင်
ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကျွန်တော်စတင်လိုက်သည်။ ငယ်စဉ်က အားကစားလုံးဝ မလိုက်စားခဲ့သူဘဝမှစသူဖြစ်၍ တဆက်တည်း ၂ မိုင် ပြေးနိုင်အောင်ပင် လနှင့်ချီ၍ ကြိုးစားခဲ့ရသည်။ ပညာသင်၊ အလုပ်လုပ်၊ အားကစားလိုက်စား။ ကျွန်တော့် ဘဝဖြတ်သန်းပုံက အားမာန် အပြည့်နှင့် အရှိန်ရလာပြီ။

သည်လိုနှင့် ဒုတိယနှစ် ပညာသင်ယူချိန်ကို ဖြတ်သန်းနေချိန်တွင်တော့ ကျွန်တော်က အမိမြေနှင့်ဝေးရာတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် စိတ်နေသဘာဝမျိုးကို မွေးမြူထားပြီးဖြစ်နေသည်။ နေ့စဉ်ဘဝပုံစံက ဘယ်သွားသွား၊ ဘာလုပ်လုပ် ခပ်ရင့်ရင့် နှင့် အကင်းပါးပါး ဖြတ်သန်းရသည့် ပုံစံဖြစ်သွားပြီ။ ကျောင်းတွင်း၌ ကျွန်တော့်ကို အားကစားဘောင်းဘီ နှင့် အပြေးဖိနပ်နှင့် တွေ့ရမည်။ ညနေ နောက်ဆုံး လက်ချာပြီးသည်နှင့် ကျောင်းမှ ရထားဘူတာသို့ လမ်းလျှောက်ချိန်မထားဘဲ လူရှင်းသွားသော စာသင်ခန်း အတွင်း၌ အချိန်ရသလောက် စာဖတ်သည်။ ပြီးသည်နှင့် ဘူတာသို့ ပြေးသွားသည်။ ရထားပေါ်ကိုယ်အရောက် တံခါးလဲအပိတ်ဖြစ်သည်က ခပ်များများ။ အကယ်၍ ရထားလွတ်သွားလျှင် နောက်ရထားလာမည့်အချိန်စာရင်း၊ လွတ်သွားသည့်ရထားကို ဘယ်ဘတ်စကား၊ ဘယ်လမ်းကြောင်းကလိုက်လျှင်ရမည်ဆိုသည်တို့ကို ပြေးရင်းနှင့် စဉ်းစားချင့်ချိန်ရသည်များက ကျွန်တော့်အတွက်
သွေးပူပူနှင့် အရေးပေါ်ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လေ့ကျင့်ပေးသလိုဖြစ်နေသည်။

သည်ကြားထဲ အလုပ်ချိန်တွေလဲ ပိုများလာသည်ဖြစ်ရာ အဲသည်လို ကျောင်းဖွင့်ရက်မျိုးတွင် အလုပ်ချိန်က ညနေ ၆ နာရီမှ နံနက် ၁ နာရီအထိ။ အိမ်ပြန်ရောက်ချိန်တွင် နံနက် ၂ နာရီကျော် နေပြီ။ ရေမိုးချိုး၊ အဆာပြေတစ်ခုခုစားလိုက်လျှင် ၃ နာရီကျော်သွားပြီ။ စာအုပ်လေးကောက်ကိုင်ရင်း နံနက် ၄ နာရီလောက်မှာ အိပ်ပျော်သွားတတ်သည်။ နံနက် ၈ နာရီ ၂၀ မိနစ်တွင် နှိုးစက်မြည်သည်။ အတိအကျ ပြောရလျှင် အိပ်ရာပေါ်မှသည် စာသင်ခန်းသို့ အရောက်သွားရန် မိမိကိုယ်ကို ၃၈ မိနစ်စွန်းစွန်းသာ အချိန်ပေးထားသည်။ အဲသည့် မိနစ်ပိုင်းများအတွင်း အိပ်ရာသိမ်း၊ မျက်နှာသစ်၊ အဝတ်အစားလဲ စသည်တို့ကို ခြေလှမ်းပုံ၊ ပစ္စည်းယူပုံ၊ လက်အလှည့်အပြောင်းကအစ လှုပ်ရှားမှုအနည်းဆုံး၊ အချိန်အတိုဆုံးဖြစ်အောင် အမျိုးမျိုးစမ်းသပ်လေ့ကျင့်ထားသည်လေ။ သည့်နောက်တွင်တော့ အိမ်မှ ဘူတာသို့ ပြေးသွား၊ ရထားစီးပြီးလျှင် ဘူတာမှ ကျောင်းသို့ ပြေးသွား၊ အဲသည်နည်းဖြင့် မိနစ် ၂၀ ခန့်လဲပိုအိပ်ရ၊ Attendance လဲအမှီဖြစ်အောင် ဖန်တီးရသည်။

ကျောင်းပိတ်ရက်များတွင်တော့ ကျွန်တော့်အလုပ်ချိန်က နာရီ တစ်ပတ်လည်ပင်မက။ နံနက် ၆ နာရီအိပ်ရာထပြီးလျှင် မိုင်လိုပူပူတစ်ခွက်ထဲသို့ ကြက်ဥအစိမ်းလိုက် ၁ လုံးဖောက် ထည့်၍ အားမွေးပြီး ၇ နာရီ စမည့် အလုပ်သို့ သွားရသည်။ အလုပ် အသွား ဘတ်စကားပေါ်တွင် ပြင်သစ်စာအခြေခံကို ကျွန်တော် လေ့လာသည်။ ပြင်သစ်စကားသံများနှင့် ယဉ်ပါးခြင်းက အနောက်တိုင်းသား စားသုံးသူများနှင့် ဆက်ဆံရာတွင် အသုံးတည့်သည်ကို သင်ခန်းစာရ ထားဖူးသည်လေ။ ထို့နောက်တွင်တော့ နံနက် ၇ နာရီမှ ည ၁၁ နာရီအထိ၊ တစ်ခါတစ်ရံ သန်းခေါင်ယံ ၁၂ နာရီအထိ ထမင်းစားနားချိန်မှအပ ရှည်လျားစွာအလုပ်လုပ်ရသည်။

ထိုသို့ အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်ခြင်းက ကျွန်တော့်အား ရှန်ဂရီလာဟိုတယ်ကြီးအတွင်း အပုံလိုက်သော လေ့လာသင်ယူစရာများနှင့် ထိတွေ့ပေးသည့် အခွင့်အရေးသဖွယ် ဖြစ်ခဲ့သည်။ အချို့ကျောင်းသားများ အလုပ်ပြီးချိန်ကို နာရီတကြည့်ကြည့်နှင့်စောင့်ရင်း အသုံးစရိတ်ကာမိအောင် ငွေရှာစရာအဖြစ်လောက်သဘောထားသည့် စားပွဲထိုးအလုပ်ဆိုသည်က ကျွန်တော့်အတွက် Customer Satisfaction, Effective Communication, Team Work, Time Management, Stress Management, Complain Management, Quality Control, Restaurant Operation, Business Strategy စသည်တို့ကို လက်တွေ့လေ့လာစမ်းသပ်စရာ နယ်ပယ်ကြီးဖြစ်နေသည်။ စင်စစ်ကား ကျွန်တော်သည် ကျောင်း ၂ မျိုးကို တပြိုင်နက် တက်နေရသည်ဟုပင် ခံစားခဲ့ရသည်အထိ အချိန်ပိုင်းအလုပ်ကို အလေးအနက်ထားခဲ့သည်ပဲ။

အဲသည်အချိန်ပိုင်းအလုပ်ကျောင်းတော်ကြီးက ကျွန်တော့်အား များစွာပြောင်းလဲစေခဲ့ပါ၏။ အဲသည်က ရသည့် အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေက တစ်ဘဝလုံးဆက်လက်အသုံးချလို့ရသည်အထိ အဖိုးတန်ခဲ့ပါ၏။

* * *

သင်ခန်းစာယူစရာဟု ဆိုရသည်ထက် ကျောင်းသားအရွယ်လူငယ်များ အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ဖူးခြင်းသည် ဘဝ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း လက်တွေ့သိဖြင့် ယုံကြည်ပါ၏။ အဲသည်လို လုပ်ကိုင်နိုင်စေခြင်းက မြန်မာလူငယ်တို့အတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းမည့် အခြေခံ စိတ်ဓာတ်လေ့ကျင့်ခန်းများကို ဖန်တီးပေးရာရောက်မည် ဟုလဲ တွေးမြင်မိပါ၏။

ထို့ကြောင့် အမိမြန်မာနိုင်ငံတော်အတွင်းတွင်လဲ ကျောင်းသားလူငယ်များအတွက် အချိန်ပိုင်း အလုပ်အကိုင်အခွင့်အရေးများ ပေါ်ထွက်လာစေရေးကို လုပ်ငန်းရှင်များက အလေးအနက် ထည့်သွင်းစဉ်းစားကြစေလိုပါကြောင်း တိုက်တွန်းလျက်။

-ဆရာဟင်နရီ-
၂၀၁၅ ခုနှစ်၊ မေလ၊ ၆ ရက်။

* * *
၂၀၂၄ ခုနှစ် ဖြည့်စွက်ချက်။ ။ ကိုယ့်ရဲ့ လက်ရှိအနေအထားတစ်ခုကိုစွန့်လွှတ်ပြီး ရေခြားမြေခြားမှာ ရရာအလုပ် လုပ်ကိုင်ရှင်သန်ရင်း ဘယ်လောက်ကြာမယ်မှန်းမသိ နေထိုင်ရတော့မယ့် အခါမှာ အချိန်ကြာလာတာနဲ့အမျှ Survival Routine ထဲမှာ နေထိုင်ရင်း စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှု ယိုယွင်းလာ ဆုတ်ယုတ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အချိုးအစားများလာတာဟာ မြန်မာနိုင်ငံရဲ့ (သို့မဟုတ်) နိုင်ငံကို ကိုယ်စားပြုမယ့် Human Resource နဲ့ Capital ကို သွယ်ဝိုက်သောအားဖြင့် နိမ့်ဆင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရပ် ဘယ်နေရာ ရောက်ရောက်၊ ဘာအလုပ်ပဲ လုပ်နေနေ၊ မိမိရဲ့ စိတ်ကို သွေးနေကြဖို့ Growth Mindset မွေးမြူကြဖို့လည်း အရေးကြီးပါတယ်။


Yours truly,
Sayar Henry
--------------------------
Teacher (2012-present)
Writer (2006-present)
YouTuber (2013-present)
Podcaster (2021-present)
--------------------------

1 comment:

Mr. YAN said...

‌လေးစား ဂုဏ်ယူ အားကျ အတုယူထိုက်ပါပေတယ် ဆရာ

Sayar Henry's Music Collection

Latest Episode

Powered by RedCircle