Tuesday, April 21, 2026

SHLC Season 2 is coming!


SHLC Program (Season 2) တက်ရောက်ရန် ဖိတ်ခေါ်ခြင်း


လူအများစောင့်မျှော်နေကြသော SHLC Program - Season 2 (May Intake) စတင်တော့မည် ဖြစ်ပါသည်။

"မိမိ၏ အရည်အသွေးကို မည်သို့ မြှင့်တင်လိုပါသနည်း"


အောက်ဖော်ပြပါ ရည်မှန်းချက်များရှိပါက SHLC Program တွင် ပါဝင် တက်ရောက်နိုင်ပါသည်။

  • အင်္ဂလိပ်စာကို အခြေခံမှစ၍ စနစ်တကျ နားလည်တတ်ကျွမ်းလိုခြင်း။
  • Upper Intermediate အဆင့်နှင့် အထက်ကို အဓိကထား လေ့လာလိုခြင်း။
  • နောင်အခါတွင် IELTS / SAT ကဲ့သို့သော နိုင်ငံတကာစာမေးပွဲများ ဖြေဆိုရန် ရည်ရွယ်ခြင်း။
  • Speaking Skill (ပြောဆိုမှုစွမ်းရည်) တစ်ခုတည်းကို ဦးစားပေး လေ့ကျင့်လိုခြင်း။
  • ဘာသာစကားစွမ်းရည် (၄) မျိုးလုံးကို ဘက်စုံဖွံ့ဖြိုးလိုခြင်း။
  • Thinking Skill (တွေးခေါ်မှုစွမ်းရည်) မြှင့်တင်လိုခြင်း။
  • Social Skill (လူမှုဆက်ဆံရေးစွမ်းရည်) ကောင်းမွန်အောင် ပျိုးထောင်လိုခြင်း။
  • Speaking Partners နှင့် Study Groups များဖွဲ့စည်း၍ အတူတကွ လေ့လာလိုခြင်း။
  • Book Club, Sport Club နှင့် Food Club ကဲ့သို့သော ဝါသနာတူအသင်းအဖွဲ့များတွင် ပါဝင်လိုခြင်း။
  • Leadership (ခေါင်းဆောင်မှု) စွမ်းရည်များကို လေ့ကျင့်လိုခြင်း။
  • Volunteering (စေတနာ့ဝန်ထမ်း) အခွင့်အလမ်းများ ရရှိလိုခြင်း။
  • စာပေသင်ကြားမှုအပြင် မိမိနှင့် စိတ်တူကိုယ်တူရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ ထိတွေ့ဆက်ဆံနိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခုတွင် ပါဝင်လိုခြင်း။


အထက်ပါ အခွင့်အလမ်းများကို
 Digital Campus & Community အသွင်ဖြင့် ဖော်ဆောင်ပေးထားသော Online Learning အစီအစဉ်ကို Sayar Henry's Language & Community Program (SHLC Program) ဟု ခေါ်ဆိုပါသည်။



 သင်တန်းကာလနှင့် ကုန်ကျစရိတ် (Fees & Semesters)

  • ဖွဲ့စည်းပုံ: Season တစ်ခုတွင် Semester (၂) ခု ပါဝင်ပါသည် (May – July နှင့် July – September)
  • Intake Fee: Semester (၂) ခုလုံးအတွက် ၁၅၀,၀၀၀ ကျပ် (150,000 MMK) သာ ကျသင့်မည် ဖြစ်ပါသည်။
  • Early-bird Discount: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်ထက် နောက်မကျဘဲ ကျောင်းလခပေးသွင်းသူများအတွက် ၁၂၀,၀၀၀ ကျပ် သာ ကျသင့်မည် ဖြစ်ပါသည်။





သင်ရိုးမာတိကာ (
Modules/Subjects)


SHLC Program တွင် လေ့လာနိုင်မည့် ဘာသာရပ် အမျိုးအစား (၁၁) ခု ပါဝင်ပါသည် -

အခြေခံပါဝင်သော ဘာသာရပ်များ (Core Modules 1 - 5): (ဤဘာသာရပ်များသည် Intake Fee သွင်းပြီးသည်နှင့် Semester ၂ ခုလုံးအတွက် အလိုအလျောက် တက်ရောက်ခွင့်ရရှိမည့် ဘာသာရပ်များ ဖြစ်ပါသည်။)

  • Module 1: Verbal Drills                    (Speaking Drills, A2, B1, B2)
  • Module 2: Scenario English              (Reading & Speaking, A2, B1, B2)  
  • Module 3: Collaborative English      (Speaking Practice, B1, B2)
  • Module 4: Conversation Table          (Speaking Practice, A2, B1, B2)
  • Module 5: Exposure English             (4 Skills Practice, B2, C1)


အထူးပြုဘာသာရပ်များ (Specialized Add-on Modules 6 - 11): (မိမိတို့လိုအပ်ချက်အလိုက် ထပ်တိုးတက်ရောက်နိုင်သော ဘာသာရပ်များ ဖြစ်ပါသည်။)

  • Module 6: Sweet Grammar                                       (A2, B1, B2)
  • Module 7: Ear Training                                             (A2, B1, B2)
  • Module 8: Insight Readers                                        (B2, C1)
  • Module 9: Power Writers                                          (B2, C1)
  • Module 10: Speech Booster (by Tr. Michelle)          (B1, B2, C1)
  • Module 11: Collocation Booster (by Tr. Hazel)        (A2, B1, B2)




ထပ်တိုးဘာသာရပ်များအတွက် အထူးအစီအစဉ် (
Add-on Module Fee)

  1. အခမဲ့ရွေးချယ်ခွင့်: SHLC Program သို့ တက်ရောက်သူများသည် Module 6, 7, 8, 9 တို့အနက် မိမိနှစ်သက်ရာ ဘာသာရပ် (၁) ခုကို အခမဲ့ (လက်ဆောင်အဖြစ်) ရွေးချယ်တက်ရောက်နိုင်ပါသည်။
  2. Add-on Fee: လက်ဆောင်ရရှိထားသော ဘာသာရပ်အပြင် အခြား Specialized Modules များကို ထပ်မံဖြည့်စွက်တက်ရောက်လိုပါက ဘာသာရပ်တစ်ခုလျှင် ၁၀၀,၀၀၀ ကျပ် (100,000 MMK) ထပ်မံကျသင့်မည် ဖြစ်ပါသည်။ (မှတ်ချက် - Module 10 နှင့် 11 သည် Add-on သီးသန့်ဖြစ်သဖြင့် လက်ဆောင်အဖြစ် ရွေးချယ်၍မရပါ)
  3. ပေးသွင်းရန်ပုံစံ: ကျောင်းအပ်ချိန်တွင် Add-on fee ထည့်သွင်းရန် မလိုသေးပါ။ Semester 1  Orientation Week အတွင်း Sayar Henry နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ သေချာစွာ ရွေးချယ်ဆုံးဖြတ်၍ ပေးသွင်းနိုင်ပါသည်။



သင်ကြားမည့် အစီအစဉ် (
Instructors & Timetable)

Sayar Henry သင်ကြားမည့် အတန်းချိန်များ

  • Tue & Thur (8:00 – 10:00 PM): Module 1, 2, 5
  • Sat & Sun (10:00 AM – 12:30 PM): Module 6, 7
  • Sat & Sun (5:00 – 7:30 PM): Module 8, 9

Tr. Hazel & Tr. Michelle သင်ကြားမည့် အတန်းချိန်များ

  • Wed & Sat (9:00 – 10:30 PM): Module 3, 4
  • Mon & Fri (9:00 – 11:00 PM): Module 11 (1st Semester)
  • Mon & Fri (8:30 – 10:30 PM): Module 10 (2nd Semester)



 

 

အရေးကြီးရက်စွဲများ (Important Dates)

  • Enrollment Deadline: ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက် (မေလ ၁၅ ရက်မှစ၍ ကျောင်းအပ်လက်ခံခြင်း ပိတ်သိမ်းပါမည်)။
  • Commencement Date: ၂၀၂၆ ခုနှစ်၊ မေလ (၁၆) ရက်။

 

တက်ရောက်ရန် သတ်မှတ်ချက်များ

  • အသက် (၁၇) နှစ်မှ (၅၅) နှစ်အတွင်းရှိသူများ။
  • လက်ရှိ အင်္ဂလိပ်စာအဆင့် (A2 မှ C1) အတွင်း ရှိသူများ။

 

ဆက်သွယ်ရန်

ကျောင်းအပ်နှံလိုပါက Enrollment Form ကို ဖြည့်စွက်၍သော်လည်းကောင်း၊ အီးမေးလ် library.eng.henry@gmail.com သို့ တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အီးမေးလ်မှတစ်ဆင့် အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါသည်။

Enrollment Form: 

https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform


Wednesday, April 1, 2026

"ကျွန်တော် စာမသင်တော့ပါ"

 "ကျွန်တော် စာသင်ကြားခြင်းအလုပ်ကို မလုပ်တော့ပါ"


Teaching ဆိုသည်မှာ အထီးကျန်လှသည့် Lonely Profession တစ်ခုဖြစ်သည်ဆိုလျှင် ယုံကြမည်မထင်။

နေ့စဉ် ကျောင်းသူ/သားမျိုးစုံ၊ လက်တွဲလုပ်ကိုင်သူ ဆရာ/မမျိုးစုံ စသဖြင့် အချိန်ပြည့် လူသားများနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်နေရသည်များကြောင့် Human Connection / Social Interaction များများ ရနိုင်သည်/ အထီးကျန်ဖို့ခဲယဉ်းမည်ဟု ယူဆစရာရှိသည်ကိုး။

သို့သော် ကျွန်တော်ဆိုလိုသည့် Loneliness ဆိုသည်မှာ အလုပ်ချိန်ပြင်ပ Social Life နှင့် Dating Options ကြုံတွေ့စရာ အခွင့်အလမ်းအလွန်နည်းပါးစေသည့် ဘဝလမ်းကြောင်းမျိုးကို လျှောက်ရသည့် / ဆိုရလျှင် ရုံးချိန်လွတ် ပညာသင်ယူလိုသူများကို အဓိကထား သင်ပေးရသည့် Lifestyle ပိုင်ရှင် ဆရာ/မ တို့၏ ဘဝထဲက အထီးကျန်ဆန်သည့် Loneliness ကို ဆိုလိုပါသည်။

ဥပမာ - ကျွန်တော်ဆိုလျှင် ဘဝလမ်းကြောင်းဆင်လာပုံအရ တက္ကသိုလ်တက်နောက်ကျ / ဘွဲ့ရနောက်ကျ / အလုပ်ဝင်နောက်ကျ ဖြစ်နေရက်သားအပေါ်တွင် ထပ်ဆင့်၍ Teaching ဘက်သို့ ခြေစုံပစ် Career Change လုပ်လိုက်သည်ဖြစ်ရာ ယခု ဖေ့စ်ဘုတ်ပေါ်သို့ Sayar Henry အမှတ်တံဆိပ် စတင်ရိုက်နှိပ်လိုက်ချိန် 2015 မှာ အသက် ၃၀ သို့ ခြေလှမ်းဝင်နှင့်ပြီဖြစ်သည်။

ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်အတွက် ဘဝလက်တွဲဖော်မိန်းကလေးတစ်ယောက်အတွေ့နိုင်ဆုံး / အရနိုင်ဆုံး/ ရူပကာအခြေအနေအကောင်းဆုံး (ထပ်ဆင့်ဥပမာ - ဆံပင်အုံအထူဆုံးဘာညာ) ဖြစ်နေသည့်နှစ်ကာလများသည် ကျွန်တော့်အတွက်က မိမိ၏ဘဝကို မိဘနှစ်ပါးအပါအဝင် မည်သူ့ထံကရင်းနှီးမြှုပ်နှံမှုမှမပါဘဲ ကျကျနနထုဆစ်ရန် စတင်အရှိန်ယူရသည့် / Brand Identity သန့်သန့်ကောင်းကောင်းရအောင် အချိန်ပြည့်အားထည့်နေရသည့် နှစ်များဖြစ်နေခဲ့သည်။ လုပ်ရသည့်အလုပ်သဘာဝမှာလည်း Weekdays Evenings များ Weekends များတွင် တစ်ခါမျှမနားရလောက်အောင် အားလပ်ချိန်မကျန်လောက်အောင် ပေးရသည့် lifestyle လမ်းကြောင်းမျိုးဖြစ်နေခဲ့ရာ ကျွန်တော်က အားလပ်သည့် Weekdays Mornings & Afternoons များတွင် မည်သည့် သူငယ်ချင်းတစ်ယောက်တစ်လေမှ မအားလပ်၊ သူတို့အားလပ်ချိန်/ရက် များတွင် ကျွန်တော်က အလုပ်အများဆုံးအချိန်များဖြစ်နေသည်နှင့်ချည်း တိုက်ဆိုင်ခဲ့ရသည်။

ဤသို့ဖြင့် ဘဝ၏ Social Life နှင့် Dating Life နှစ်ခုတွင် Optionality နည်းလွန်းလာခဲ့သဖြင့် အသက် ၂၀ နှင့် ၃၀ ကြားတုန်းက Romance အသေးစားလေးများဖြင့် FA မဖြစ်ခဲ့လေသည့် ကျွန်တော်သည် ၂၀၁၅ မှ ၂၀၂၀ အတွင်း မယ်မယ်ရရ Romantic Relationship ကြုံတွေ့စရာ ၂ ကြိမ်သာရှိခဲ့ပြီး ဒုတိယတစ်ခုတွင်တော့ ကျွန်တော် 'အထိနာ' ခဲ့ပါသည်။

သည်ကြားထဲ မြန်မာနိုင်ငံသားပီပီ အများနှင့်အတူ ဆင့်ကဲကံဆိုးရလေတော့ ကိုဗစ်နှင့် ကိုစစ်တို့ကြောင့် ပြန်လည်မစတင်ဖြစ်ခဲ့တော့သည့် "မြေပြင်" လုပ်ကိုင်မှု/ရင်းနှီးမှု/နီးစပ်မှုများကိုပါ ထပ်မံ လက်လွှတ်လိုက်ရပြီး Online Existence သီးသန့်ဖြင့်သာ အလုပ်များဆက်လုပ်နေခဲ့ရင်း ကျွန်တော့်ဘဝ၏ Mid to Late 30s ကို ဖြတ်သန်းလိုက်ရပြန်ပါသည်။ မြန်မာနိုင်ငံသားအများနည်းတူ ဘယ်သို့ ပျောက်ဆုံးသွားမှန်းမသိသည့် ၅ နှစ် ( Marvel Cinematic Universe ၏ The Blip ထက်ပင်ဆိုးသေး) ကြောင့် ကျွန်တော့်ဘဝကို ပြန်ကြည့်လိုက်ချိန်တွင်တော့ နေရင်းထိုင်ရင်း Single Over 40 ဘဝ သို့ ရောက်နေပါပြီ။

သည်လိုနှင့် ကျွန်တော်တစ်နေ့တွင် အတွေးတစ်ခု ဝင်လာသည်။

ကျွန်တော်ကသာ ကျောင်းသားအများစုတောင်းဆိုသည့် ရုံးချိန်လွတ်ညနေပိုင်း/ စနေ/တနင်္ဂနွေ စသည်တို့ကို Social Life တွေ Dating Opportunities တွေ စတေးခံပြီး ရေရှည် သင်ပေးလာခဲ့သည်၊ ထိုစာသင်ချိန်များကိုသာ တောင်းဆိုသည့် အနှီကျောင်းသားများ၏ ကျောင်းပျက်ကြပုံကမူ ခေတ်အဆက်ဆက် ရုပ်ပျက်ဆင်းပျက်နိုင်လွန်းလှသဖြင့် ကျွန်တော်၏ အချိန်တွေ / ဘဝတွေ ရင်းနှီးပေးရကျိုး မနပ်သည်လောဟု မြင်စရာရှိလာပါသည်။

သို့ဖြင့် ကျွန်တော်လည်း မိမိ၏ ဘဝရေးရာ၊ လူမှုရေးရာ၊ ချစ်ရေးချစ်ရာ စသဖြင့် အဆင်ပြေအောင် ဦးစားပေးချိန်တန်လေပြီဟု ကောက်ချက်ချကာ "စာသင်ကြားခြင်းအလုပ်ကို စွန့်လွှတ်လိုက်တော့မည်" ဟု ဆုံးဖြတ်လိုက်ရပေသည်။
"ကိုင်း ဦးစံရှား ဒီလောက်ဆိုရင် ဘယ့်နှယ်ရှိစ။"

"ဆရာဟင်နရီရေ... ခင်ဗျား ဒီလို ရေးသားပုံလောက်ဆိုရင်ဖြင့် ခင်ဗျားရဲ့ ကျောင်းသားတွေကို ကောင်းကောင်း guilt-tripping လုပ်နိုင်ပေလိမ့်မယ်"

"ဒါဆိုရင်ဖြင့် သင်းတို့အတွက် ဆရာ ဆရာမများရဲ့ အချိန်နဲ့ဘဝကို တန်ဖိုးထားတတ်ဖို့ အတန်းပြန်လာတက်ကြဖို့ တွန်းအားတစ်ခုဖြစ်စေနိုင်မယ်မဟုတ်လား ဦးစံရှားရဲ့"

"ခင်ဗျားနှယ်ဗျာ။ ခင်ဗျားရဲ့ လူတွေအကြောင်းလည်း သိသားနှင့်။ သင်းတို့က ခင်ဗျားတို့နောက်ဖွင့်မယ့်အသုတ်ရဲ့ ရှေ့နားလောက်မှ တစ်ခေါက်ပြန်လာပြီး ကိုယ်ယောင်ပြကြမှာလေ"

“အင်း ဟုတ်ပေသားပဲ"

"ဒါနှင့် ကျုပ်မေးစမ်းပါရစေအုံး ဆရာဟင်နရီ၊ ခင်ဗျားကအခု တကယ်ပဲ ကြင်ဖော်ကြင်ဖက် ရှာတော့မှာလား"

" ဦးစံရှားကလဲဗျာ ဟဲဟဲ"

"ခင်ဗျား ရယ်ကျဲကျဲလုပ်ပုံကြည့်ရတာဖြင့် ခင်ဗျားမှာ အကြံရှိပြီကိုးဗျ"

"ဘာအကြံတုန်း ဦးစံရှားရဲ့၊ ခင်ဗျား ထက်လှချေရဲ့ဆိုရင် ခန့်မှန်းပြစမ်းပါအုံး"

"ခင်ဗျားက ဖန်တီးလိုက်၊ သင်ကြားလိုက်နဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရမှ ကြိုက်တဲ့သူမဟုတ်လား"

"မှန်တယ်"

"ပြီးတော့ ခင်ဗျားက နုစဉ်အခါကလည်း အချစ်ရေးအချစ်ရာနှင့်ပတ်သက်ပြီး ခေသူတော့ မဟုတ်ခဲ့ပေဘူး"

"အတိုင်းအတာတစ်ခုအထိ ဆိုပါတော့ဗျာ"

"ပြီးတော့ အခုအသက်အရွယ်မှာ ခင်ဗျားက အမျိုးသမီးများအကြောင်း သိတန်သလောက်သိနေပြီဖြစ်တဲ့ အမျိုးသားတို့ထုံးစံအတိုင်း အပူမရှာခြင်းရဲ့အားသာချက်တွေကို အရသာသိနေပြီ"

"မှန်သင့်သလောက်မှန်ပါတယ်"

"ဒီတော့ ကျုပ်ပြောတဲ့ အဲဒီ ၃ ချက်ကိုသာ ပေါင်းထုပ်လိုက်ရင် ခင်ဗျားဟာ - (၁) လက်တွဲဖော်မိန်းမ မရှိလည်း အထီးမကျန်တတ်တဲ့သူ၊ (၂) ခင်ဗျား အမှန်တကယ် ရယူလိုတဲ့ မိန်းကလေးတွေ့ရင် မရနိုင်မှာကို စိုးရိမ်တတ်တဲ့စိတ် မရှိတဲ့သူ၊ (၃) ခင်ဗျားက ဘဝမှာ သားဖြစ်သူ၊ မောင်ဖြစ်သူ၊ ဆရာဖြစ်သူဆိုတဲ့ဂုဏ်ပုဒ်တွေအပြင် သင်ရိုးညွှန်းတမ်းတည်ဆောက်သူ၊ သင်ကြားရေးနည်းနာအဖြေရှာစမ်းသပ်သူ၊ သောတရှင်များအတွက်ဖန်တီးသူ၊ ဆိုရှယ်မီဒီယာပြင်ပ ဒစ်ဂျစ်တယ်လူငယ်အသိုက်အဝန်းတည်ထောင်သူ စသည်စသည်ဖြင့် မောလောက်အောင် ဝန်တွေထမ်းခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ခင်ဗျားဟာ ခင်ပွန်းဖြစ်သူ ဖခင်ဖြစ်သူဆိုတဲ့ ဝန်နဲ့ တွဲဖက်ပြီးပါလာမယ့် ကောင်းကျိုးဂုဏ်ပုဒ်တွေကို ထူးပြီးတောင့်တစိတ် မရှိတဲ့သူ ဖြစ်တယ်။ အဲဒီတော့ ဒီ ၃ ချက်နဲ့ ပေါင်းစပ်ပြီးဝင်နေတဲ့ ခင်ဗျားရဲ့ စိတ်သဘာဝအခံမှာ ခင်ဗျားဟာ ဘဝကို တစ်ယောက်တည်း ရနိုင်သလောက် ဖြတ်သန်းရလေလေ ကြိုက်လေလေပဲဆိုတာ ခင်ဗျား မငြင်းနိုင်ဘူးမဟုတ်လား။"

"အံမယ် ဦးစံရှား ခင်ဗျားက ဘယ်ဆိုးလို့တုန်း"

" ဒါပေသည့် ..."

" တော်လောက်ပြီလေ ဦးစံရှားရဲ့ ။ ခင်ဗျားက ဘာတွေ ဆက်ဖော်ချင်သေးလို့လဲ"

"ဆရာဟင်နရီ ခင်ဗျားက How I Met Your Mother လို ဖန်တီးမှုမျိုးတွေလည်း ကြိုက်တယ်လို့ ဆိုတယ်နော်"

"မှန်ပါတယ်"

"ဒါဖြင့်ရင် ခင်ဗျားဟာ Right Place, Right Time ဆိုတဲ့ ဘဝအခွေ့လေးတွေကိုတော့ တန်ဖိုးထားမယ့်သူမျိုးလို့ဆိုရမှာပေါ့"

"အိမ်း ပေါ်လာပြန်ပြီ။ မှန်ပါတယ် ဦးစံရှား၊ Chance Meetings ဆိုရင်တော့ ကျွန်တော်ဟာ အနက်ကောက် အထာဖော်ဖို့ စိတ်အခံရှိပါတယ်"

"အဲဒီတစ်ချက်ကတော့ ခင်ဗျားရဲ့ အားနည်းချက်ပေပဲ။ Chance Meeting နဲ့ တွေ့ဆုံရမယ့် မိန်းကလေးမျိုးမှသာလျှင် ခင်ဗျားရဲ့ စိတ်အာရုံကို ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေလိမ့်မယ်။"

"ခင်ဗျားက ဘာကိုပြောချင်နေတာလဲ ဦးစံရှားရဲ့"

"ဆိုလိုတာကဗျာ အခု ဒီစာကို ဖတ်နေတဲ့ မိန်းမပျိုလေးများထဲက တစ်ယောက်ယောက်ကသာ ခင်ဗျားနဲ့ နီးစပ်ချင်ရင်ဖြင့် Right Place, Right Time ဖြစ်အောင် ကြံဖန်လိုက်ဖို့သာ လိုမယ်ဗျ"

"ခင်ဗျားက ကျွန်တော်ပြောင်းလဲသွားနိုင်ချေရှိတယ်လို့ ထင်နေတာလား"

"ကျုပ်က ဦးစံရှားလေ၊ မထင်တတ်ဘူး၊ ကောက်ချက်ပဲချတတ်တယ်။ ခင်ဗျား မယုံရင် စမ်းသပ်တဲ့အနေနဲ့တင်ကြည့်ပေါ့။"

"ခင်ဗျားကလဲ တော်တော်ကြာ ကျုပ်ကို ကြားမကောင်း ကျော်မကောင်း ဈေးဗန်းခင်းတယ်လို့ထင်ပြီး သတင်းတွေဖွနေကြအုံးမယ်"

"မထင်ပါဘူး ခင်ဗျားကလဲ စိုးရိမ်တတ်ရန်ကော။ ဈေးဗန်းခင်းတယ်လို့ မထင်ရအောင်
ကျုပ်အကြံကောင်းတစ်ခုပေးမယ်ဗျာ။"

အခုထိ ဖတ်နေတုန်းပဲလား။
တော်လောက်ပြီလေ၊ ဘာဆက်ရမယ်ထင်လို့ ဖတ်နေတာလဲ။
SHLC ကျောင်းပြေးလေးတွေလည်း တော်တော့၊ အတန်းပြန်လာတက်ကြတော့။

April Fools' Day မှာ အတွေးရ/ ပြုံးနိုင်ကြပါစေ။


Yours truly,
Sayar Henry
Wed, Apr 1, 2026

Right Place, Right Time နော် ကောင်မလေး … ဟဲဟဲ

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle