Saturday, January 25, 2025

Learning Momentum ၏ အရေးပါပုံ

 သင်တန်းတစ်ခုခုကို တက်ဖူးတဲ့ ဘယ် Adult Learner မဆို ကြုံဖူးပါလိမ့်မယ်။

သင်တန်းတက်နေစဉ်ကာလအတွင်း ကိုယ်တိုင်/ မိဘ/သားသမီး နေထိုင်မကောင်းဖြစ်တာ၊ အင်တာနက်/ မီး အဆင်မပြေတာတွေကအစပြုလို့ သာရေး၊ နာရေး၊ လူမှုစီးပွားတာဝန် တွေအပါအဝင်၊ နိုင်ငံရေးအကြောင်းကိစ္စတွေအလယ်၊ အားလပ်ရက်အနားယူရ/ခရီးသွားရခြင်းပါမကျန်၊ သမီးရည်းစားရန်ဖြစ်တာအဆုံး ပေါ်ပေါက်နိုင်လွန်းအားကြီးတဲ့ ဘဝအကြောင်းပေါင်းစုံကြောင့် အတန်းပျက်/စာပျက် ဖြစ်ရာကနေ သင်ယူလေ့ကျင့်လိုတဲ့စိတ်အဟုန် လျော့ကျသွားပြီး သင်တန်းကို ဆက်မတက်နိုင်ကြတော့တာ၊ Skill Set တွေ ရပ်တန့်သွားတာ၊ နောင်အတန်ကြာမှ အားပြန်ယူပြီး သင်တန်းသစ်ထပ်တက်လည်း အဲဒီသံသရာထဲမှာပဲ ပြန်လည်နေတာ ဆိုတဲ့ Adult Learners တို့ရဲ့ မဟာပြဿနာကြီးပေါ့။

အဲဒီ မဟာပြဿနာကြီးကို ဘယ်သူမဆို/ဘယ်တိုင်းပြည်မှာမဆို ကြုံရပါမယ်။ ကိုဗစ်ဖြစ်နေ/မဖြစ်နေလည်းကြုံရမယ်၊ ဒေါ်လာဈေး ဆီဈေး တက်နေ ကျနေလည်းကြုံရမယ်၊ တိုင်းပြည်စစ်မက်ဖြစ်ပွားနေရင်လည်းကြုံရမယ်၊ အရွယ်ရောက်ပြီးတဲ့လူမှန်ရင် အနည်းနဲ့အများကြုံပါမယ်။ အားလုံးဟာ လက်ခံနိုင်စရာရှိတဲ့ valid reasons တွေပါ။

ဒါပေမယ့် အဲဒီ valid reasons တွေကနေ သင်ယူလိုစိတ်အဟုန် (Learning Momentum) ကို ထိခိုက်သွားပြီးတဲ့နောက်မှာ အဲဒါကို ပြန်အဖတ်ဆယ်တတ်ဖို့လိုပါတယ်။ အဖတ်မဆယ်ရင်တော့ 'ပလုံ' သွားမှာပါ။

အချို့ကျောင်းသားတွေဆိုရင် တွေးတတ်ပါတယ်။ "ဟာ ငါကျောင်းပျက်တာများသွားပြီ မနက်ဖြန်ဆိုရင် သင်တန်းနောက်ဆုံးရက်ဖြစ်နေပြီ၊ ဒီတစ်ချိန်လောက် ပြန်တက်ရုံလောက်နဲ့တော့ ငါ့ skill က ဘာထူးလာမှာမို့လို့လဲ၊ တော်ပါပြီ မတက်တော့ပါဘူး" ဆိုပြီး လုပ်မိတတ်ပါတယ်။

အဲဒါသိပ်ကို နစ်နာစေတဲ့ အယူအဆပါ။ သင်တန်းချိန်တစ်ခုဆိုတာ 'စာ' တစ်ခုတည်းကို ပေးတဲ့အရာမဟုတ်ပါဘူး။ ဆရာ/မ ရယ် အတန်းဖော်တွေရယ်နဲ့ ထိတွေ့မှုကနေ တွဲဖက်ရရှိလာမယ့် Learning Momentum ကိုပါ ပေးတဲ့အရာဖြစ်ပါတယ်။ တစ်ချိန်လောက်တက်ရုံနဲ့ Skill Set ကြီး တစ်ခုခု ဝုန်းခနဲတက်လာမှာတော့ မဟုတ်ပေမယ့် တကယ်စွမ်းရည်တက်လာအောင် ဆက်လေ့ကျင့်ရာမှာ လိုအပ်မယ့်၊ သိပ်ကို တန်ဖိုးရှိတဲ့ Learning Momentum ကိုလည်း သင်တန်းချိန်တစ်ခုက ပေးနိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။

ဒီသဘောသဘာဝက သိပ်အရေးကြီးတာကြောင့် ကျွန်တော့်ဆီမှာ Course တက်ကြတဲ့သူတိုင်းကို Library Membership လက်ဆောင်ပေးလေ့ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ Course မှာ တစ်ပတ် ၂ ချိန်တွေ့ရမယ့် အတန်းချိန်ကို ပျက်ကွက်သည်ရှိသော် အခြား ရက်/အချိန်တွေမှာ ရှိနေမယ့် Library Program ရဲ့ Learning Activities & Networking Opportunities များမှာ ဝင်တက်ရင်း အင်္ဂလိပ်စာနဲ့ ထိတွေ့မှု အရှိန်ဆက်ရှိနေအောင် လမ်းဖွင့်ပေးထားတာပါ။ Course Training ကစာတွေ နဲ့တော့ မဆိုင်ပေမယ့် တစ်ပတ်အတွင်း ကျွန်တော်နဲ့ ထပ်တွေ့နိုင်စရာ လမ်းစ ၄ ချိန်၊ အဲဒါမှမဟုတ်ရင် အခြား တီချယ်နှစ်ယောက်နဲ့ တွေ့နိုင်စရာလမ်းစ ၄ ချိန်၊ အဲဒါမှမဟုတ်ရင် တူညီတဲ့ community အတွင်းက အခြားကျောင်းသားတွေနဲ့ Study Partnership ဖွဲ့ပြီး 24/7 စာအတူလုပ်လို့ရတဲ့ Digital Facilities တွေကို ပံ့ပိုးပေးထားခြင်းအားဖြင့် Learning Momentum ကို အဖတ်ဆယ်လို့ရအောင် အခွင့်အလမ်းဖန်တီးပေးထားတဲ့သဘောဖြစ်ပါတယ်။

ပြောလိုရင်းကို ပြန်ဆက်ရမယ်ဆိုရင် -

Skill တစ်ခုခု ကျွမ်းကျင်သူတိုင်းရဲ့ သမိုင်းကြောင်းမှာ ဆက်တိုက်လေ့ကျင့်ဖြစ်တဲ့ကာလတစ်ခုရှိဖူးကြပါတယ်။ အဲဒီ စဉ်ဆက်မပြတ်လေ့ကျင့်ဖြစ်ခဲ့တဲ့ကာလတိုင်းဟာလည်း သင်ယူလိုစိတ်အဟုန်ပေါက်ဖွားတဲ့ အချိန်လေးတစ်ခုခုကနေ အစပြုကြတာဖြစ်ပါတယ်။

Learning Momentum ဟာ သင်ယူလိုတဲ့၊ ကျွမ်းကျင်လိုတဲ့ Skill နဲ့ ဆတူ တန်ဖိုးရှိတဲ့အရာပါ။

ဒါကြောင့် မလိုအပ်ဘဲ “သင်ယူလိုစိတ်အဟုန်” ကို စတေးမိလိုက်တာမျိုး မဖြစ်အောင် ဂရုစိုက်ကြပါ။


Yours truly,
Sayar Henry
--------------------------
Teacher (2012-present)
Writer (2006-present)
YouTuber (2013-present)
Podcaster (2021-present)
--------------------------

No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle